Friday 25 May 2018

ကျောက်ဖျာရွေ့လျားစေခဲ့သော ကောင်းမူများ

   ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အုမရ် (ရဒွိ) က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လ) အမိန့်ရှိတော်မူသည်။ အသင်တို့အလျင် အွမ္မသ်တစ်ခုမှာ ပုဂ္ဂိုလ်သုံးဦးရှိခဲ့သည်။၎င်းတို့သုံးဦးသား အတူတကွ ခရီးထွက်ခဲ့ကြသည်။ (ဤသို့သွားရင်း ညရောက်လာသော အခါ) စခန်းချ တည်းခိုရန်အတွက် ဂူတစ်ဂူထဲသို့ ဝင်ရောက်ခဲ့ကြသည်။ ထိုအခိုက်တွင် တောင်ပေါ်မှာ ကျောက်ဖျာကြီး တစ်ခု လျောကျလာပြီး ဂူဝအား ပိတ်ဆို့သွားခဲ့သည်။ (ဤအခြေအနေကို ကြည့်ပြီး ၎င်းတို့သုံးဦးသည် ဤကျောက်ဖျာကြီး ပိတ်ဆိုခံနေရမူမှာ လွတ်မြောက်ရန် အတွက် မိမိတို့ အသီးသီး ပြုခဲ့ကြသော ကောင်းမူများကို အကြောင်းပြု၍ အလ္လာဟ် (စွဗ်) ထံ ဒိုအာပြုကြရန် တိုင်ပင်ကြသည်။ ထို့ကြောင့် ၎င်းတို့ အသီးသီးသည် မိမိတို့ပြုခဲ့ကြသော ကောင်းမူများကို အကြောင်းခံ၍ ဒုအာပြုကြသည်။

   ၎င်းတို့အထဲမှ တစ်ဦးသည် ( အို အလ္လာဟ် ) ( အရှင်မြတ် သိတော်မူပါသည်။ ) ကျွန်တော် မျိုး၏ မိဘနှစ်ပါးသည် အသက်အရွယ် အိုမင်းရင့်ရော်နေပါသည်။ ကျွန်တော်မျိုးသည် မည်သည့် အခါမျှ ဤမိဘနှစ်ပါး ထက်ဦး၍ မိမိ မိသားစု နှင့် ကျွန်များကို နို့မတိုက်ခဲ့ပါ။ တစ်နေ့တွင် ကျွန်တော်မျိုးသည် ပစ္စည်း တစ်ခုကို ရှာဖွေရင်း အဝေးသို့ ထွက်သွားခဲ့ပါသည်။ ကျွန်တော်မျိုး အိမ်ပြန်ရောက်သောအခါ မိဘနှစ်ပါး စလုံးမှာ အိပ်ပျော်နေပါသည်။ ( သို့တိုင်အောင် ) ကျွန်တော်မျိုးသည် ယင်းမိဘ နှစ်ပါး သောက်သုံးရန် နို့ညှစ်၍ ယူလာသောအခါ ၎င်းတို့အား မနှိုးသည် သာမက ၎င်းတို့ မသောက်သုံးမီအလျင် မိမိ မိသားစု နှင့် ကျွန်များကို တိုက်ရန်လည်း ဆန္ဒမရှိချေ။ သို့ဖြင့် ကျွန်တော်မျိုးသည် ဤနို့ခွက်ကို ကိုင်းပြီး ၎င်းတို့၏ ခေါင်းရင်းဘက်ရပ်၍ မိဘနှစ်ပါး နိုးထမည့် အချိန်ထိ စောင့်ဆိုင်းခဲ့ရာ နံနက် မိုးလင်းသော အခါမှသာ မိဘနှစ်ပါး နိုးလာခဲ့သည်။ ထိုအခါမှ ညကမတိုက်ရဘဲ ကျန်ခဲ့သော နို့ကို မိမိ၏ မိဘနှစ်ပါးအား တိုက် ကျွေးခဲ့သည်။ ယာ အလ္လာဟ် ကျွန်တော်မျိုးသည် ဤကောင်းမှုကို အရှင်မြတ် ကျေနပ်နှစ်သက် စေရန်အတွက် ရည်စူး၍ ပြုလုပ်ခဲ့သည်ဖြစ်မှု ကျွန်တော်မျိုးတို့ ဤကျောက်ဖျာပိတ်ဆို့ ခံရမှုကြောင့် ခံစားနေရသော ဒုက္ခမှ လွတ်မြောက်ခွင့် ချီးမြှင့်တော်မှုပါဟု ဒိုအာပြုသည်။

  ဤဒုအာကြောင့် ကျောက်ဖျာကြီးသည် အနည်းငယ် ပွင့်ဟသွား ခဲ့သည်။ သို့ရာတွင် ၎င်းတို့အပြင် ထွက်နိုင်လောက်အောင် မပွင့်ဟသေချေ။

   တမန်တော်မြတ် (ဆွလ္လ) အမိန့်ရှိတော်မူသည်။ ဒုတိယ ပုဂ္ဂိုလ်ကလည်း ယာ အလ္လာဟ် ကျွန်တော်မျိုးသည် ဦးလေး၏ သမီး (တစ်ဝမ်းကွဲ ညီမ) အား လွန်စွာ ချစ်မြတ်နိုးပါသည်။ (တစ်ကြိမ်တစ်ခါ၌) ကျွန်တော်မျိုးသည် မိမိရာပဖြည့်ဆည်းရန် အတွက် ဆန္ဒထားခဲ့သော်လည်း သူမက အခွင့်အရေး မပေးခဲ့ပါ။ သို့ရာတွင် တစ်ကြိမ်သော အခါ၌ မိုးခေါင်းရေရှား ကပ်ဆိုက်ရောက်လာလေရာ သူမသည်။ ကျွန်တော်မျိုးထံသို့ အကူညီတောင်းရန် အခြေအနေသို့ ဆိုက်ရောက် လာလေတော့သည်။ ကျွန်တော်မျိုးကလည်း သူမအား ရွှေဒင်္ဂါး (၁၂၀) ပေးရန်အတွက် အဖော်မပါဘဲ တစ်ဦးတည်းလာရန် စည်းကမ်း သတ်မှတ်လိုက်လေသည်။ ကျွန်တော်မျိုး စောင့်မျှော်ခဲ့သော အခွင့်အရေးမှာ ဆိုက်ရောက်လာခ့ပြီးဖြစ်သည်။ သူမသည် ကျွန်တော်မျိုး၏ လက်ခုပ်ထဲရောက်လာပြီး ကျွန်တော်မျိုး မိမိ၏ ဆန္ဒဖြည့်ဆည်းတော့မည့် အချိန်တွင် သူမက အသင်သည် ဤအပျိုရည်ကို မတရားသောနည်းဖြင့် ချေဖျက်ပစ်ရန် မလုပ်ဆောင်သင့် (အသင်အတွက် ဟလာလ် မဟုတ်) ဟု ကျွန်မထင်ပါသည်ဟု ပြောဆိုသည်။ (ဤစကားကို ကြားပြီး) ကျွန်တော်မျိုးသည် မကောင်းကြံသော ဆန္ဒမှ နောက်ဆုတ်လိုက်ပြီး ရွှေဒင်္ဂါးများကိုလည်း ပြန်၍မယူတော့ချေ။ ယာ အလ္လာဟ် အကယ်၍ ကျွန်တော်မျိုးသည် ဤအမှုကိစ္စကို အရှင်မြတ် ကျေနပ် နှစ်သက်စေရန် အတွက် ပြုခဲ့သည်ဖြစ်ပါမူ ကျွန်တော်မျိုးတို့အား ဤဒုက္ခမှ ဖယ်ရှားပေး သနားတော်မူပါဟု ဒုအာပြုသည်။

   ထိုအခါ ကျောက်ဖျာကြီးမှာ အနည်းငယ်ထပ်၍ ပွင့်ဟသွားခဲ့ပြန်သည်။ သို့တိုင်အောင်လည်း ၎င်းတို့သုံးဦးသားမှာ အပြင်သို့ မထွက်နိုင်သေးချေ။

   တတိယပုဂ္ဂိုလ်ကလည်း ယာ အလ္လာဟ် အလုပ်သမားအချို့ကို ကျွန်တော်မျိုး ငှါးရမ်းစေခိုင်းခဲ့ပါသည်။ ပြီးနောက် လုပ်အားခကို မယူဘဲ ထွက်သွားခဲ့ပါသည်။ ကျွန်တော်မျိုးသည် ဤလုပ်အားခငွေကို လုပ်ငန်းတစ်ခုတွင် ရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်ခဲ့ရာ အမြတ်အစွန်းများစွာ တိုးပွားခဲ့ပါသည်။ အချိန်ကာလ အတော်ကြာသော အခါ တစ်နေ့ ထိုအလုပ်သမားသည် ကျွန်တော့် ထံသို့ပြန်လာ၍ အိုအရှင့်ဗန္ဒဟ် ကျွန်တော့်အား ကျွန်တော်မျိုး၏ လုပ်အားခငွေကို ပေးပါဟု တောင်းရာ ကျွန်တော်မျိုးကလည်း အသင်မြင်ရသော ကျွန်များ| ကုလားအုပ်များ| နွားများ ဆိတ်များ အားလုံးသည် အသင်၏ လုပ်အားခပင်ဖြစ်သည်။ ဆိုလိုသည်မှာ အသင်၏ လုပ်အားခငွေကို ရင်းနှီး၍ လုပ်ငန်း လုပ်ကိုင်ခဲ့ရာ ဤအကျိုးအမြတ်များ အားလုံးကိုရရှိခဲ့ပါသည်။ ဟု ဆို၏။ ထိုအခါ ယင်းအလုပ်သမားက အို အရှင့်ဗန္ဒဟ် ကျွန်တော့်အား မကျီစယ်ပါ နှင့်ဟုဆိုရာ ကျွန်တော်မျိုးကလည်း ကျီဆယ်နေခြင်း မဟုတ် ကြောင်းနှင့် အမှန်ပင် ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သည်။ ထိုအခါ (ကျွန်တော်မျိုးရှင်းပြပြီးနောက်မှာ) ယင်းအလုပ်သမား ကလည်း ယင်းဥစ္စာ ပစ္စည်းအားလုံးကို တစ်ခုမျှပင် ချန်မထားဘဲ အကုန်ယူသွားခဲ့ပါသည်။ ယာ အလ္လာဟ် အကယ်၍ ကျွန်တော်မျိုးသည် ဤအမှုကိစ္စကို အရှင်မြတ် ကျေနပ် နှစ်သက်စေရန် အတွက်သာ ရည်စူး၍ ပြုကျင့်ခ့ခြင်းဖြစ်ပါမူ ကျွန်တော်မျိုးတို့အား ဤခံစားနေရသော ဘေဒုက္ခမှ ကယ်မတော်မူပါဟု ဒုအာပြုလိုက်ရာ ကျောက်ဖျာကြီးမှာ လုံးဝရွေ့လျား သွားခဲ့သသည်။ (ဂူအဝလည်း ပွင့်သွားခဲ့သည်) ထိုအခါမှာ ၎င်းပုဂ္ဂိုလ် သုံးဦးစလုံးသည် ဂူအပြင်ဘက်သို့ ထွက်လာခဲ့ကြရသည်။

( ဗုခါရီ )

Al-Arakani

No comments:

Post a Comment

ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု {၁၂} စု

بسْــــــــمِ ﷲِالرَّحْمَنِ الرَّحِيـــــْــمِ 🌏 ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု{12} စု ~~~~~~~~~~~~~~~~~~~~~ ဟဇရသ်မုအားဇ် အိဗ်နေ့ဂ...